@juno08321: ကျောက်ကပ်ရဲ့ အဓိကလုပ်ငန်းဆောင်တာတစ်ခုက သွေးထဲမှာ ရှိတဲ့ ပိုတက်စီယမ်ဓာတ်ကို မျှတအောင် ထိန်းညှိပေးပြီး ပိုလျှံတာတွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပေးဖို့ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သားတွေ လှုပ်ရှားဖို့နဲ့ အထူးသဖြင့် နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေဖို့ အရေးကြီးတဲ့ ဓာတ်သတ္တုတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောဂါ အဆင့်ပေါ်မူတည်ပြီး ပိုတက်စီယမ် ပမာဏကို အထူးဂရုစိုက်ရပါတယ်။ ကျောက်ကပ်လုပ်ဆောင်ချက် ကျဆင်းလာတာနဲ့အမျှ ပိုတက်စီယမ်ကို စွန့်ထုတ်နိုင်စွမ်းလည်း လိုက်ပြီး ပြောင်းလဲသွားပါတယ်။ သွေးထဲမှာ ပိုတက်စီယမ်ဓာတ် အရမ်းများလာရင် ရင်တုန်တာ၊ ကြွက်သား အားနည်းတာတွေ ဖြစ်တတ်ပြီး ပြင်းထန်ရင် နှလုံးခုန်ရပ်တဲ့အထိ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကျောက်ကပ်ရောဂါကို ပုံမှန်အားဖြင့် အဆင့် (၁) ကနေ (၅) အထိ ခွဲခြားထားပါတယ်။ ဒီအဆင့်တွေကို ကျောက်ကပ်ရဲ့ သွေးသန့်စင်နိုင်စွမ်းနှုန်း (eGFR) ပေါ် မူတည်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ eGFR ရလဒ်ဟာ ပုံမှန်အားဖြင့် ၉၀ နှင့်အထက် ရှိရပါမယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ သဘာဝအရ ကျောက်ကပ်ရဲ့ သွေးစစ်ထုတ်နိုင်စွမ်းနှုန်း (eGFR) ဟာလည်း တစ်နှစ်ထက်တစ်နှစ် အနည်းငယ်စီ လျော့နည်းလာတတ်ဟာ သဘာဝဖြစ်ပါတယ်။ အသက် ၆၀ မှ ၆၉ နှစ်ကြား eGFRဟာ ပုံမှန်အားဖြင့် 85 mL/min/1.73m² ဝန်းကျင်သာ ရှိတတ်ပါတယ်။ အသက် ၆၀ ကျော်သူတစ်ဦးမှာ eGFR ဟာ 60 နှင့် ထို့ထက်ပိုနေရင် (ဆီးထဲမှာ ပရိုတင်း/အသားဓာတ် ပါဝင်မှု မရှိဘူးဆိုလျှင်) ကျောက်ကပ် လုပ်ဆောင်ချက် ကောင်းမွန်တယ်၊ သို့မဟုတ် ပုံမှန်ပဲလို့ သတ်မှတ်နိုင်ပါတယ်။ အကယ်၍ eGFR က 60 အောက်ကို ကျဆင်းသွားပြီး ၃ လထက်မက ကြာမြင့်နေပြီဆိုမှသာ ကျောက်ကပ်ရောဂါ (CKD) ရှိနေပြီလို့ ဆရာဝန်များက ယူဆလေ့ရှိပါတယ်။ အထွေထွေ လမ်းညွှန်ချက်အရသွေးတွင်း ပိုတက်စီယမ် ပုံမှန်ဖြစ်နေစေဖို့အဆင့်အလိုက် အောက်ပါအတိုင်း ချင့်ချိန် စားသုံးရပါမယ်။ (မှတ်ချက်။ ။ ပိုတက်စီယမ် ပမာဏကို တစ်နေ့လျှင် မီလီဂရမ် (mg) ဖြင့် တိုင်းတာပါတယ်။) အဆင့် (၂) (eGFR 60 - 89) သွေးတွင်း ပိုတက်စီယမ်ဓာတ်ကို ဆရာဝန်က စစ်ဆေးပြီး အထူးတလည် တားမြစ်ထားခြင်း မရှိပါက ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကိုတစ်နေ့လျှင် ၃,၅၀၀ မှ ၄,၇၀၀ မီလီဂရမ်အထိ ပုံမှန်အတိုင်း လွတ်လပ်စွာ စားသုံးနိုင်ပါတယ်။ အဆင့် (၃) (eGFR 30 - 59) သွေးစစ်ချက်မှာ ပိုတက်စီယမ်ဓာတ် မြင့်တက်လာတဲ့ လက္ခဏာ ပြီဆိုရင်တော့ ပိုတက်စီယမ် အရမ်းများတဲ့ အစားအစာတွေ (ဥပမာ - ငှက်ပျောသီး၊ ဒူးရင်းသီး၊ အာလူး) ကို တစ်နေ့လျှင် ၂,၀၀၀ မှ ၃,၀၀၀ မီလီဂရမ် အတွင်း စတင် လျှော့ချရပါမယ်။ အဆင့် (၄) နှင့် အဆင့် (၅) - ကျောက်ကပ်မဆေးရသေးမီ (eGFR ၃၀ အောက်) တင်းကျပ်စွာ လျှော့ချရမည့် အဆင့်ဖြစ်ပြီး တစ်နေ့လျှင် ၂,၀၀၀ မီလီဂရမ်ထက် မပိုစေရပါ ။ (သို့မဟုတ် မိမိခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၄၀ မီလီဂရမ်ခန့်သာ)။ ပိုတက်စီယမ် မြင့်မားသော အစားအစာများကို လုံးဝရှောင်ကြဉ်ပြီး ပိုတက်စီယမ်နည်းသော အသီးအနှံများကိုသာ ပမာဏ အနည်းငယ်စီ (ဥပမာ - တစ်ခါစားလျှင် ဖလားတစ်ဝက်စာခန့်) ချင့်ချိန်စားရပါမယ်။ အဆင့် (၅) - ကျောက်ကပ်စက်ဖြင့် ဆေးရသူများ ဟာ တစ်နေ့လျှင် ၂,၀၀၀ မီလီဂရမ် ဝန်းကျင် တင်းကျပ်စွာ ဆက်လက်ကန့်သတ်ရပါတယ်။ ဝမ်းဗိုက်မှတစ်ဆင့် ဆေးရသူများ က ပိုတက်စီယမ်ကို ခန္ဓာကိုယ်ထဲကနေ ပိုပြီး ဖယ်ရှားပေးနိုင်တဲ့အတွက် အစားအသောက်ကို ပိုမိုလွတ်လပ်စွာ စားနိုင်ပြီး တစ်နေ့လျှင် ၃,၀၀၀ မှ ၄,၀၀၀ မီလီဂရမ် အထိ စားသုံးနိုင်ပါတယ်။ (အချို့လူနာများတွင် ပိုတက်စီယမ်ဓာတ် ပြန်နည်းသွားတတ်သဖြင့် ပိုတက်စီယမ် ပိုစားပေးရန်ပင် လိုအပ်တတ်ပါသည်)။ ကျောက်ကပ်ရောဂါ အဆင့်ရင့်လာတဲ့အခါ အစားအသောက်မှာ ပိုတက်စီယမ် ပါဝင်မှုကို အမြဲချင့်ချိန်ရပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး၊ လိမ္မော်သီး၊ အာလူး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်ရွက်၊ သစ်သီးခြောက်များ၊ အစေ့အဆန်များနှင့် နို့ထွက်ပစ္စည်းများမှာပိုတက်စီယမ် အရမ်းများ၍ ရှောင်ရန်/လျှော့ရန်ဖြစ်သည်။ ပိုတက်စီယမ်နည်း၍ စားသုံးနိုင်သော အစားအစာများ - ပန်းသီး၊ ပန်းသီးဖျော်ရည်၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ဂေါ်ရခါးသီး၊သခွားသီးနှင့် ဆန်ဖြူ။ ဂေါ်ဖီထုပ် မှာ ပိုတက်စီယမ် ပမာဏ ၁၄၀ မီလီဂရမ်ဝန်းကျင် သာ ပါဝင်ပြီး ဗီတာမင် စီ လည်း ကြွယ်ဝပါတယ်။ မုန်လာဥဖြူ မှာ ပိုတက်စီယမ် ပမာဏ ၁၆၀ မီလီဂရမ်ဝန်းကျင် သာ ပါဝင်၍ ရေဓာတ်ကြွယ်ဝပြီး ပိုတက်စီယမ်နည်းပါတယ်။ ဂေါ်ရခါးသီး မှာ ပိုတက်စီယမ် ပမာဏ ၁၂၀ မှ ၁၃၀ မီလီဂရမ်ဝန်းကျင် သာ ပါဝင်ပြီး အစာခြေရလွယ်ကူတဲ့ အသီးအနှံ ဖြစ်ပါတယ်။ ဒီအသီးအနှံ (၃) မျိုးဟာ ပိုတက်စီယမ်နည်းတယ်ဆိုပေမယ့် ကျောက်ကပ်ရောဂါ အဆင့် (၄) နှင့် (၅) ရောက်နေပြီဆိုရင်တော့ တစ်ခါစားလျှင် ဟင်းချက်ပန်းကန်လုံးအသေး တစ်လုံးစာ (သို့မဟုတ် ဖလားတစ်ဝက်စာ) ထက် မပိုဘဲ ချင့်ချိန်စားသုံးတာက အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။
Juno
Region: MM
Tuesday 23 June 2026 05:28:09 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @juno08321, please go to the Tikwm
homepage.