@khant.min.hein393: **မြန်မာလူလတ်တန်းစား မပျောက်သေးပါဘူး။** **ဒါပေမယ့် အခုက ရှေ့တက်ဖို့ထက် ရှိတာမလျော့အောင် ထိန်းနေရတဲ့အချိန်ပါ။** အိမ်ရှိတယ်။ ကားရှိတယ်။ ကလေးက International School တက်နေတယ်။ ပိုင်ဆိုင်မှု သိန်း ၃,၀၀၀ ကနေ ၁၀,၀၀၀ ကြားရှိတယ်။ အပြင်ကကြည့်ရင် အဆင်ပြေပါတယ်။ တကယ်နေရတာကတော့ အရင်နဲ့မတူတော့ဘူး။ အပြင်စားတဲ့အကြိမ် လျှော့လာတယ်။ “အိမ်စာက ပိုပြီးကျန်းမာရေးနဲ့ညီညွတ်တယ်” လို့ စိတ်ဖြေတယ်။ အပြင်စာ မကြိုက်တော့တာတော့ မဟုတ်ပါဘူး။ Bill ရောက်လာရင် အစာမကြေတတ်တော့တာပါ။ ကားဟောင်းလာပေမယ့် အသစ်လဲဖို့လည်း မလွယ်ဘူး။ ဒီတော့ ကားပြင်ဆိုင်ကလူနဲ့ တဖြည်းဖြည်း မိသားစုလိုရင်းနှီးလာတယ်။ ကားအသစ် မဝယ်ဖြစ်ပေမယ့် ကားထဲကပစ္စည်းတွေကိုတော့ တစ်ခုပြီးတစ်ခု အသစ်လဲပေးနေရတယ်။ ကလေးကျောင်းစရိတ်ကို မလျှော့ချင်ဘူး။ မိဘတွေရဲ့ ဆေးဝါးနဲ့ ကျန်းမာရေးကိုလည်း မပစ်ထားနိုင်ဘူး။ ကိုယ်တိုင်လည်း အသက်လေးဆယ်ကျော်လာတော့— အိပ်ရေးပျက်တာပါ၊ အလုပ်ပင်ပန်းတာပါ— ဆိုပြီး အမြဲအကြောင်းပြနေလို့ မရတော့ဘူး။ အပေါ်မှာ မိဘ။ အောက်မှာ သားသမီး။ အလယ်မှာ ကိုယ်။ ဒါကို Sandwich Generation လို့ခေါ်ပါတယ်။ နာမည်က Sandwich ဆိုပေမယ့် အရသာရှိတဲ့အပိုင်းက ကိုယ်မဟုတ်ဘူး။ **နှစ်ဖက်ကြားမှာ အဖိခံနေရတဲ့အပိုင်းက ကိုယ်ပါ။** ဒီအုပ်စုရဲ့ပြဿနာက ပိုင်ဆိုင်မှုမရှိတာ မဟုတ်ပါဘူး။ **ပိုင်ဆိုင်မှုရှိတယ်။** **ဒါပေမယ့် လစဉ်သုံးဖို့ ပိုတဲ့ငွေ နည်းလာတယ်။** အိမ်တန်ဖိုး သိန်းထောင်ချီရှိပေမယ့် ကျောင်းလခတောင်းတဲ့အခါ အိမ်နံရံတစ်ချပ်ဖြုတ်ပေးလို့မရဘူး။ ကားဈေးတက်နေပေမယ့် ကားပြင်ခကို ကားဈေးပြပြီး ရှင်းလို့မရဘူး။ စာရင်းပေါ်မှာ ချမ်းသာသလိုရှိပေမယ့် လကုန်ခါနီးရင်တော့ Calculator နဲ့ မျက်နှာချင်းဆိုင်နေရတယ်။ **Net worth ရှိသေးတယ်။** **Cashflow က ကြပ်လာတယ်။** ဒီနေရာမှာ ချွေတာရုံနဲ့ မလုံလောက်တော့ပါဘူး။ တစ်နေ့သုံးနပ်ကနေ နှစ်နပ်စားတာကို Financial Plan လို့ ခေါ်လို့မရဘူး။ အရင်ဆုံး လစဉ်တကယ်ဘယ်လောက်ကျန်လဲ ရှင်းရှင်းသိဖို့လိုတယ်။ ဝင်ငွေဘယ်လောက်ရလဲထက်— ကျောင်းလခ၊ မိဘစရိတ်၊ အိမ်နဲ့ကားစရိတ်၊ ကိုယ့်ကျန်းမာရေး— အကုန်ပေးပြီး ဘယ်လောက်ကျန်လဲကို ကြည့်ရမယ်။ နောက်တစ်ခုက ကိုယ့်ကျန်းမာရေးပါ။ ကိုယ်က မိသားစုနှစ်ဆက်ကို ထောက်ထားရသူဖြစ်လို့ ကိုယ့်ကိုယ်ကို နောက်ဆုံးမှထားလို့မရဘူး။ **ကိုယ်လဲသွားရင် ဆေးဖိုးတစ်ခုတိုးတာတင် မဟုတ်ပါဘူး။** ** အားလုံးအားကိုးနေရတဲ့ ဝင်ငွေလမ်းကြီး ပျောက်သွားနိုင်ပါတယ်။** ကလေးပညာရေးကိုလည်း ကောင်းနိုင်သလောက် ကောင်းကောင်းပေးချင်တာ မမှားပါဘူး။ ဒါပေမယ့် ကျောင်းနာမည်တစ်ခုကို ထိန်းထားဖို့— စုငွေကုန်၊ အငြိမ်းစားအစီအစဉ်ပျက်၊ မိဘနဲ့ကိုယ့်ကျန်းမာရေးပါ နောက်ဆုတ်နေရပြီဆိုရင်— တစ်ခါပြန်တွက်သင့်ပါတယ်။ နောက်ဆုံးက ဝင်ငွေပါ။ အသုံးစရိတ်လျှော့နိုင်တာက အကန့်အသတ်ရှိတယ်။ ဝင်ငွေတိုးနိုင်တဲ့ဘက်ကတော့ ရှာလို့ရသေးတယ်။ အလုပ်တစ်ခုတည်းပေါ် မမှီဖို့၊ ရှိပြီးသားပိုင်ဆိုင်မှုက ဝင်ငွေပြန်ထွက်နိုင်မလားကြည့်ဖို့၊ ကိုယ်သိထားတာနဲ့ လုပ်တတ်တာကနေ ဝင်ငွေအသစ်တစ်ခု စမ်းဖို့လိုပါတယ်။ အသေးကစလို့ရပါတယ်။ လူလတ်တန်းစားဘဝကို ထိန်းထားနိုင်တယ်ဆိုတာ ကားအသစ်လဲနိုင်တာ၊ အပြင်မှာ မကြာခဏစားနိုင်တာ မဟုတ်ပါဘူး။ **မိဘကို ကြည့်နိုင်တယ်။** **ကလေးကို အခွင့်အရေးပေးနိုင်တယ်။** **ကိုယ့်အနာဂတ်ကိုလည်း မဖျက်ဘဲ ဆက်သွားနိုင်တယ်။** အဲဒီသုံးခုကို မျှအောင်ထိန်းနိုင်တာကမှ တကယ့်အဆင်ပြေခြင်းပါ။ အခုအချိန်မှာ ဘဝကို တစ်ချက်တည်းနဲ့ ပြောင်းပစ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့်— မလိုတာကိုလျှော့၊ လိုတာကိုကာကွယ်၊ ဝင်ငွေအသစ်ကို စမ်း— လုပ်နိုင်ရင် ရပ်နေရတဲ့နေရာကနေ ဖြည်းဖြည်းချင်း ပြန်ရွေ့လို့ရပါတယ်။ ကိုယ့်မိသားစုမှာ အခုဖိအားအများဆုံးက— ကလေးပညာရေးလား၊ မိဘကျန်းမာရေးလား၊ ကားနဲ့အိမ်စရိတ်လား၊ ဒါမှမဟုတ် လစဉ်မကျန်တော့တဲ့ငွေလား။ လက်တွေ့မှာ ဘယ်လိုညှိနေရသလဲ Comment မှာ မျှဝေပေးပါ။ * Ko Wunna #WunnaBeWealthy #KoWunna
Ko Khant (Taungdwingyi)
Region: US
Thursday 20 August 2026 01:54:23 GMT
Music
Download
Comments
Tar Nay Aung🇲🇲$$🍩🥚🚚 :
ဟင်းချက်နည်းမျိုးစုံ ပိုလေ့လာပြီးချက်ဖြစ်တာပေါ့။ ခရမ်းချဉ်သီးဈေးကြီးရင် ရာသီပေါ်သီးနှံတွေဝယ်ချက်တယ်။အပြင်စာမစားဖြစ်တော့ပဲ အသီးအရွက်ပဲဝယ်ချက်တာပေါ့။စက်ပစ္စည်းဆို ကိုယ်တိုင်ပြင်နိုင်ရင် ကိုယ့်ဘာသာပြင်တယ်။ မရမှဆိုင်ပို့တယ်။ ပစ္စည်းဝယ်ရင်လည်း ဈေးနှုန်းတွေ နှိုင်ယှဉ်ရတာပေါ့။
2026-08-20 03:18:16
1
ရွှေညီကိုဆိုင်ကယ်ရောင်းဝယ်ရေး :
မှန်လွန်းတယ်🥰🥰🥰
2026-08-20 02:11:14
1
U KYAW :
👍👍👍👍👍💪💪💪💪💪
2026-08-20 05:46:13
1
To see more videos from user @khant.min.hein393, please go to the Tikwm
homepage.