@rolingstone52: ကျွန်တော့်ကိုယ်ကျွန်တော် ပြန်တွေးမိတယ်။ "ငါလည်း သားသ တ်သမားတစ်ယောက် ဖြစ်သွားပြီလား"။ မြန်မာစာကို အခုလို ရေးနေရတာ ကျွန်တော်မပျော်ဘူး။ စာမေးပွဲအတွက် အမှတ်ရအောင်လို့ဆိုပြီးတော့ လုပ်ကြံရေးနေရတာတွေက ကြာလာတော့ ကိုယ့်ဟာကို မကြည်ညိုတော့ဘူး။ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လိုက်ရင် တော်တော်ကိုမကောင်းတာဗျ။ "ငါဘာတွေဖြစ်သွားတာပါလိမ့်။ အရင်ကငါအဲ့လိုမျိုးမသုံးသပ်ပါဘူး။ ငါ့အတွေးတွေက အဲ့လိုမဟုတ်ပါဘူး" လို့ ကိုယ်နဲ့ကိုယ်ပြန်ပြီးမေးခွန်းထုတ်နေရတယ်။ "မုဆိုးနားနီး မုဆိုး"ဆိုသလိုမျိုးတော့ မဖြစ်ချင်ဘူး။ အဲ့တော့ အရင်ကကျွန်တော့်ကိုယ်ကျွန်တော် ပြန်လိုချင်လို့ အခုကဗျာလေးတစ်ပုဒ်ကို ကျွန်တော်ပြောပါမယ်။ နတ်သျှင်နောင်က ဆောင်းကို မချစ်ဘူးထင်ပါတယ်။ သူ့ကဗျာတိုင်းဟာ နွေ၊မိုးအကြောင်းတွေများတယ်။ ဆောင်းနဲ့ပတ်သက်တာဆိုလို့ "ဆောင်းရာသီ မယ်ဘွဲ့ရတု" တစ်ခုဘဲရှိတယ်။ နတ်သျှင်နောင်မချစ်သည့်ဆောင်းရာသီကို ကျွန်တော်ကချစ်သည်။ ဆိုတော့...ဆောင်းနဲ့ပတ်သတ်တာတစ်ပုဒ်တည်းရှိတဲ့ ထိုရတုကို ကျွန်တော်ပြောပါမယ်။ "မြမြမြှေး၍၊ ဆီးသေးနှင်းဖြူ၊ မြူလည်းကြွေလွင့်၊ မပွင့်နေခြည်၊ မကြည်ကောင်းကင်၊ ထက်ခွင်အုံပျံ့၊ ငြိမ့်မျှကိုယ်တွင်း၊ ဆီးနှင်းကျရွှမ်း၊ ချမ်းတို့စွလည်း" ဆောင်း။ ဆောင်းဆိုသည့်အတိုင်း အေးစိမ့်စိမ့်ကလေးဖြစ်နေမည်။ ဆောင်း၏တန်ဆာအလှဖြစ်သော ဖြူဆွတ်ဆွတ် နှင်းငွေကလေးများကလည်း မြူးထူးနေမည်။ ဆီးနှင်းများလည်း ကျသက်နေမည်။ မင်းလွင်မြူခိုးများကလည်း အထက်ကောင်းကင်မှာ ဝေ့ဝေ့ကလေးမှုန်နေပါလိမ့်မည်။ ထို့ကြောင့် မကြည်မလင်၊ မှိုင်းမှိုင်းရီရီနှင့်သာ ကောင်းကင်ယံမှာ ထိုင်းမှိုင်းနေပါလိမ့်မည်။ နေရောင်ခြည်ကလည်း မထွန်းလင်းလာပေ။ ထိုအချိန် နတ်သျှင်နောင်တစ်ယောက် စစ်စခန်းတစ်ခုမှာ ရှိနေပါသည်။ အေးမြလှသည့် လေအဝှေ့ကြောင့် သူ၏ ကိုယ်မှာလည်း တသိမ့်သိမ့်ချမ်းတုန်နေပါလိမ့်မည်။ ဆောင်းရာသီမှာ ညတာရှည်သည်။ ထို့ကြောင့် နတ်သျှင်နောင်က "ဟေမာန်ရာသီ၊ နာရီပွားတိုး၊ သောက်မိုးညဉ့်ရှည်၊ ဆောင်းခါလည်သည်၊ ချမ်းသည်ရေးအဟန်တကား" ဟုပြောပါသည်။ ဪ...ချမ်းရသည့်အထဲ ညတာကလည်းရှည်လှသည်။ ထို့ကြောင့် သူပိုချမ်းနေရသည်။ ကျွန်တော်ထင်ပါသည်။ ဒါ့ကြောင့် နတ်သျှင်နောင်ဟာ ဆောင်းကိုမချစ်တာဖြစ်ပါလိမ့်မည်။ ဒါပေမဲ့ ဆရာသမားက သူ့သဘာဝအတိုင်း နန်းတော်မှာကျန်ရစ်ခဲ့သည့်ချစ်သူမယ်ကို ပြန်အောက်မေ့လိုက်ပါသေးသည်။ နတ်သျှင်နောင်ကတော့ နတ်သျှင်နောင်ပါပဲ။ မည်သို့မည်ပုံ လွမ်းသလဲဆိုရင်.... "ပျပျမွှေး၍၊ ပိုက်ထွေးရင်ငွေ့၊ တူစက်လေ့ကို၊ အောက်မေ့မြင်ယောင်"ဟူ၍ အတူဖက်အိပ်ခဲ့တာကို အောက်မေ့နေသည်။ ဪ..အောက်မေ့ရင်လည်း အောက်မေ့ချင်စရာပါ။ စဉ်းစားကြည့်...တော၊တောင်များကြားမှာ ဆောင်းရာသီဟာ အရမ်းအေးသည်။ ချမ်းသည့်အတွက် အနွေးဓာတ်ကလိုလာသည်။ ထိုအခါ ချစ်သူကလေးကိုသာ ပြေး၍သတိရမိသည့် နတ်သျှင်နောင်မှာ သဘာဝကျပါသည်။ primativeစိတ်ကို တွေ့ရပြန်ပြီဗျ။ လူ့သဘာဝ၊လူ့စိတ်၊ Human Nature ပေါ့ဗျာ။ ထို့နောက် "ရှင်မောင်ခေါ်တမ်း၊ဘော်ငယ်ကျွမ်းဟု၊အလွမ်းရှည်မြင့်၊ကြာသည်နှင့်သော်၊ ထပ်ဆင့်ဗျာပါ၊မပျော်စွာ၍၊အခါသရစ်၊ ဆောင်းမျိုးနှစ်လည်း၊အဖြစ်သည်နှယ်၊မနှစ်ဘွယ်တည့်၊ သက်လှယ်နောင်နှင့်၊ကြင်ပေတင့်စွ၊မျက်ပွင့်စံတည်၊ မျိုးချစ်ရည်သည် ။လွမ်းသည်သူ မတန်တကား။" ဟုဆိုပြီး လွမ်းရသည်မှာအချိန်ကြာမြင့်လာသောအခါ သူ့ခဗျာ သောကဗျာပါ ထပ်ထပ်ဆင့်လို့ မပျော်ရွှင်ရတော့ပါဘူးတဲ့။ ဒီလိုဆောင်းမျိုးနဲ့ ဒီလိုအဖြစ်နဲ့ကတော့ ဘယ်လိုမှ မနှစ်မြို့စရာပါဘဲတဲ့။ ဟီး...ဒါ့ကြောင့် ဆရာသမားက ဆောင်းကိုမချစ်တာကိုး။ "ရွှရွှကွေး၍၊မွှေးမွှေးပျပျ၊ရဲရဲလှသား၊ခိုင်မြပွင့်ဖူး၊ဆောင်းပန်းဦးလျှင်၊တထူးသူနှင့်၊မတင့်လေရာ၊မယ်နှင့်သာလျှင်၊ကြမ္မာဖန်ဆင့်၊ ရည်၍တင့်သား" "နုနုရွရွ၊မွှေးပျံ့လှသည့် ရဲရဲတောက်နေသည့် ဆောင်းဦးပန်းတွေကလည်း ပွင့်ဖူးနေပြီကွယ်။ ထိုပန်းတွေက အခြားသူတွေနဲ့ဆိုရင် ဘယ်လိုမှမတင့်တယ်နိုင်ဘူး၊လှမှာလည်းမဟုတ်ဘူး။ ဪ...ကံကြမ္မာက စီမံပေးတဲ့အတိုင်းဆိုရင် မောင့်ချစ်သူကလေးနဲ့မှသာ ဒီပန်းတွေက တင့်တယ်မှာ။ ဒီပန်းတွေက သူတို့တင့်တယ်နိုင်ဖို့အတွက် မင်းအဖို့ဆိုပြီး ရည်ရွယ်ပွင့်ကြရတယ်။ ဒါမှလည်း သူတို့ပန်းကလေးတွေဟာ တင့်တယ်မှာပေါ့။" နတ်သျှင်နောင်ကတော့ ထုံးစံအတိုင်း သူ့အတွက်ချစ်သူသည်သာ အရာရာပါဘဲ။ ကဲလွန်း၊ပိုလွန်းမှ နတ်သျှင်နောင် ပီသတော့မှာပေါ့။ ဒါ့ကြောင့် ကဲလိုက်တာမှ လွန်ပါလေရာ။ ---လွမ်းအောင် #foryou #writing #writer #fypp
Nick
Region: MM
Tuesday 29 September 2026 05:54:50 GMT
Music
Download
Comments
𝓝 𝓨𝓪𝓮 𝓢𝓱𝓲𝓷 :
ဆောင်းရာသီမယ်ဘွဲ့ရတုက နှစ်ပုဒ်ရှိတာပါဗျ
2026-10-01 14:22:02
3
dawwgandnear :
ကျနော် brotherရဲ့ စာဖွဲ့မူတွေကို အရင်ကတည်းက လိုက်စားခဲ့တာဆိုတော့ အခု G12 မှာဒီလို စိတ်မျိုးခံစားရလိမ့်မယ်လို့ ကျနော်ထင်ခဲ့မိပါတယ် အထူးသဖြင့် အပုဒ်ရှည်တွေမှာ ကိုယ့်ရဲ့အတွေးအမြင် ဖော်ပြတဲ့အခါမှာ ကျောင်းဆရာဆရာမတွေရဲ့ တိုက်စစ်တဲ့ဟာနဲ့ အမှတ်ရဖို့ သူတို့အကြိုက်ရေးပေးရတာမျိုးဖြစ်လာမှာကို မြင်မိပါတယ် ဒါပေမဲ့ နောက်ဆုံး တက္ကသိုလ်ဝင်မှာတော့ ကိုယ်ဖော်ပြချင်တဲ့ ထင်မြင်ချက်တွေကိုပဲ ခေါင်းစဉ်နဲ့ညီအောင် အကိုပုံမှန် အဓိပ္ပာယ်ဖော်ပြနေကြအတိုင်း လုပ်ပေးသွားတာက စာစစ်တဲ့သူတွေ ပိုပီးသဘောကျ အမှတ်ပေးချင်ကြမယ်ထင်ပါတယ် ကျနော်ကိုယ်တိုင်လဲ အမှတ်လိုချင်လို့ ဖားတွေလိုပဲ ပေးတဲ့အတိုင်းဖြေခဲ့လို့ အရှည်မှာအမှတ်မရမှန်းသိခဲ့တော့ ကိုယ့်အတွေးအမြင်ကို အရေးအသားကောင်းကောင်းနဲ့ဖော်ပြတာကိုပိုကောင်းတယ်လို့ ပိုမြင်ပါတယ်ဗျာ fighting ပါ
2026-09-30 07:52:08
6
Lil Ashe :
ပြောပါဉီးဗျာ နောင်ကြီးရယ်။ ဘယ့်နှယ့် သူတို့စာတွေရေးမှပဲ ကိုယ့်အရေးအသားက ဘယ်ရောက်မှန်းမသိဘူး။ အရင်က ကိုယ်ပျော်သလို ရေးခဲ့တာတွေကလည်း ကျောင်းရောက်မှ အကုန်ပျောက်သွားရတယ်။ ကိုယ့်ခံစားချက်လည်းမဟုတ် ခံစားပေးပြီး ကျက်ရအောင် ရေးတဲ့သူကလည်း ခံစားချက်တောင်ပါရဲ့လားမသိ။ တစ်ခုတစ်ခုရေးပါတယ် သူတို့စာက ချီးမွမ်းနွဲ့ပင့်တာလား ချဲ့ကားမြောက်ပင့်နေတာလားမကွဲ။
2026-10-05 18:28:16
4
trippieBlack. :
ကျွန်တော်လဲငယ်ငယ်ကစာပေစာဖတ်အတော်ဝါသနာပါခဲ့တာ သို့သော်အသက်တခုရောက်တာနဲ့ အပေါင်းအသင်းနဲ့ social media ပေါ်မှာ အချိန်ကုန်တာတကြောင်း caption ထဲကလို သားသတ်သမားဖြစ်လာတာတကြောင်းနဲ့ စာမဖတ်ဖြစ်တာအတော်ကြာပြီဗျာ။ အကောင့်ထဲဝင်မွှေဖတ်ဦးမယ်။W brother
2026-10-17 20:41:36
1
Vodka Marlboro. :
ကျွန်တော်တို့အတွက်ကော လွမ်းစရာ ဆောင်း ကျန်သေးလား
2026-09-29 10:03:26
1
146 :
ချစ်တတ်လွန်းသူကြီး နတ်သျှင်နောင်ပါ ဗျို့
2026-09-29 06:01:40
1
𝑁'𝒔 :
အရေးအသားကောင်းလိုက်တာနော် နှလုံးသားကသိပ်ကဗျာဆန်လို့နေပါလိမ့်မယ် နတ်သျှင်နောင်လိုကဗျာစာပေတွေနဲ့ချစ် ကြောင်းလွမ်းကြောင်းမဖော်ပြတတ်ပေမဲ့ ပန်းချီဆိုတဲ့အနုပညာတစ်ရပ်နဲ့တော့ဖော်ပြတတ်တယ်ရယ်💐
2026-09-30 15:16:27
1
sjinnyaw :
ရတုဘုရင် အစား အလွမ်းဘုရင် လို့ခေါ်ခဲ့သင့်တာ [Big LOL]
2026-09-29 08:37:06
1
Kabyar :
🥰
2026-10-17 12:20:00
1
To see more videos from user @rolingstone52, please go to the Tikwm
homepage.